ဖြူး မြို့နယ်တွင် ဇနီးဖြစ်သူကိုသတ်၍ မြေကျင်းထဲမြှုပ်ပြီး ဇနီး၏သမီးဖြစ်သူအား မုဒိမ်းကျင့် မီးရှို့ အလောင်း ဖျောက်ခဲ့သူအား ဖမ်းဆီးရမိ

 

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်တွင် ဇန်နဝါရီ ၇ ရက်က ဇနီးဖြစ်သူကိုသတ်ပြီး မြေကျင်းထဲမြှုပ်ကာ ၊ ဇနီး၏သမီးဖြစ်သူအား မုဒိမ်းကျင့်ပြီး မီးရှို့အလောင်း ဖျောက်ဖျက်ပြီး ထွက်ပြေးတိမ်းရှောင်သော အမျိုးသားအား ဇူလိုင် ၅ ရက်နေ့ နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ဖြူးမြို့မရဲစခန်းမှ သိရသည်။

အဆိုပါပြစ်မှုကျူးလွန်သူအမျိုးသားမှာ ဖြူးမြို့နယ်၊ရေကျော်ကျေးရွာနေ ကတုံး(ခ)အောင်စိုးမြင့် ၃၅ နှစ်(ဘ)ဦးကြည်လှ ဖြစ်ပြီး အခင်းဖြစ်ပြီးထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး ၆ လခန့်အကြာ ဖြူးမြို့နယ်သို့ ပြန်လည်ရောက်ရှိလာစဉ် ဇူလိုင် ၅ ရက် နေ့လည် ၁၁ နာရီအချိန်ခန့်၌ ဖြူးမြို့မရဲစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များက လှည့်ကင်းဆောင်ရွက်စဉ်တွေ့ရှိ၍ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိသည့်အခြေအနေနှင့်ပတ်သက်ပြီးဖြူးမြို့မရဲစခန်းမှတာဝန်ရှိသူက“တရားခံက ပြစ်မှုကျူးလွန်ပြီး မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးနှင့်နတ်မောက်မြို့များတွင်သွားရောက်တိမ်းရှောင်နေတာပါ၊ အခုကျတော့ သူက ဖြူးမြို့မှာ အလုပ်လုပ်ဖို့ပြန်လာတဲ့အချိန်မှာ လှည့်ကင်းအဖွဲ့ကတွေ့မြင်လို့ အချိုသတ်ပြီး လက်ဘက်ရည်ခေါ်တိုက်တာမှာ သူကလည်း အလောင်းဖျောက်ခဲ့တာကို မေ့လျောပြီးတော့မှ လက်ဖက်ရည်ဝင်သောက်အချိန်မှာ ကျွန်တော်တို့စခန်းက လှည့်ကင်းအဖွဲ့က ဖမ်းဆီးခဲ့တာပါ” ဟုပြောကြားသည်။

အသတ်ခံရသောအမျိုးသမီးမှာ ပြစ်မှုကျူးလွန်သူ၏ အဒေါ်အရင်း ဒေါ်တင်အေး ၅၈ နှစ်ဖြစ်ပြီး တူဖြစ်သူ ကတုံး(ခ)အောင်စိုးမြင့်နှင့် လင်မယားအဖြစ်ပေါင်းသင်းနေထိုင်ကြခြင်းဖြစ်ကာ ဇနီး၏သမီးဖြစ်သူ မုဒိမ်းကျင့်အသတ်ခံရသူ မစန်းစန်းဌေး ၁၄ နှစ် မှာလည်း ပြစ်မှုကျူးလွန်ကတုံး(ခ)အောင်စိုးမြင့်၏ သားချင်းတော်စပ်သူတစ်ဦးဖြစ်ကြောင်း ဖြူးမြို့ရဲစခန်းမှတာဝန်ရှိသူ၏ပြောကြားချက်အရသိရသည်။

ဖြစ်စဉ်မှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့ညနေ ၂ နာရီအချိန်ခန့်၌ ဖြူးမြို့နယ်၊ မင်းကံရိုးကျေးရွာအုပ်စု ရေကျော်ကျေးရွာနေ ဦးကျော်ငြိမ်းသည် နေအိမ်တွင်ရှိနေစဉ် ၎င်း၏တူဖြစ်သူအောင်စိုးမြင့်(ခ)ကတုံးမှ သူ၏ဇနီးဖြစ်သူ ဒေါ်တင်အေးနှင့် သမီးဖြစ်သူ မစန်းစန်းဌေးတို့ သားအမိနှစ်ဦး ပျောက်ဆုံးနေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ကြောင်းနှင့် ၎င်းတို့သားအမိနှစ်ဦးအား မတွေ့ရှိပါက နေအိမ်အားမီးရှို့၍ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့သို့ပြန်မည်ဖြစ်ပြီး ရဲစခန်းသို့သွားရောက်အကြောင်းကြားဦးမည်ဟု ပြောဆိုကာပြန်ထွက်သွားခဲ့ကြောင်း၊ ထိုသို့ပြောသဖြင့် ဦးကျော်ငြိမ်းမှ ၎င်း၏အမတော်စပ်သူ ဒေါ်တင်အေးတို့နေထိုင်သည့် ရေကျော်ရပ်ရှိ နေအိမ်တဲသို့ သွားရောက်ကြည့်ရှုခဲ့ရာ နေအိမ်တဲမှာမီးရှို့ခံထားရကြောင်း၊ ထို့နောက်နေအိမ်တဲပတ်ဝန်းကျင်သို့ လိုက်လံကြည့်ရှုခဲ့ရာတွင် တဲ၏အနောက်ဖက် ၂၅ ပေခန့်အကွာတွင် မြေကျင်းတစ်ကျင်းအားတွေ့မြင်၍ ယင်ကောင်များအုံနေသည်ကိုတွေ့ခဲ့ရသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်အုန်းအား သွားရောက်အကြောင်းကြားခဲ့ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်သက်ဆိုင်ရာတာဝန်ရှိသူများရောက်ရှိလာပြီး အလျား ၅ ပေ ၅ လက်မခန့်၊ အနံ ၂ ပေ ၉ လက်မခန့်ရှိ မြေကျင်းအတွင်းမှ ဒေါ်တင်အေး၏ ရုပ်အလောင်းအား ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိပဲ မှောက်ခုံအနေအထားဖြင့် မြေမြှုပ်ထားသည်ကို

တွေ့ရှိခဲ့ပြီး ဒေါ်တင်အေး၏ သမီးဖြစ်သူ မစန်းစန်းဌေးမှာ ပျောက်ဆုံးနေလျှက်ရှိကာ ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး နေအိမ်အား မီးရှို့ပြီး အမဖြစ်သူ မတင်အေးအား သတ်ဖြတ်ကာ မြေကျင်းထဲမြှုပ်နှံထားသည်ဟု သံသယရှိသူ ကတုံး(ခ) အောင်စိုးမြင့်အား ဥပဒေအရအရေးယူပေးရန် ဦးကျော်ငြိမ်းမှတရားလိုလုပ်ကာ ဖြူးမြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖြူးမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်လင်းမှ အမှုစစ်အဖြစ်ဆောင်ရွက်ကာ ဖြူးမြို့နယ် တရားသူကြီး၏ ခွင့်ပြုချက်အရ မြေကျင်းအတွင်း မြှုပ်နှံထားသော ဒေါ်တင်အေးမှာ မည်သည့်အကြောင်းကြောင့် သေဆုံးရနိုင်ကြောင်း သိရှိနိုင်ရန် အလောင်းအားစစ်ဆေးကြည့်ရှုသင့်ကြောင်း ရာဇဝတ်ကျင့်ထုံဥပဒေပုဒ်မ ၁၇၆(၂) အရ အလောင်းအားတူးဖော်စစ်ဆေးခဲ့ကြောင်း၊ အမှုအားဆက်လက်စစ်ဆေးဆောင်ရွက်စဉ် နှစ်ပတ်ခန့်အကြာ ဇန်နဝါရီ ၂၆ ရက်နေ့၌ အသတ်ခံရသူ ဒေါ်တင်အေး၏ သမီးဖြစ်သူ မစန်းစန်းဌေးအား အမြန်လမ်းမကြီး ၁၁၅ မိုင်အနီး အမြန်လမ်းတိုးဂိတ်အနောက်ဖက် အမြန်လမ်းမကြီးပေါ်မတက်ရောက်နိုင်စေရန် ကာရံထားသော လူအသွားအလာမရှိသည့် သံဇကာအနီး ကိုင်းတောထဲတွင် မီးရှို့အလောင်းဖျောက်ဖျက်(အရိုးစုသာတွေ့ရှိပြီး

အဝတ်အစားများအားသက်သေပြ၍ ဒေါ်တင်အေး၏သမီးဖြစ်သူ၏အရိုးစုများအဖြစ်၊ ဆရာဝန်နှင့်ပြသစစ်ဆေးအတည်ပြု)ထားသော အရိုးစုအား ထပ်မံ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဖြူးမြို့မရဲစခန်းမှ သိရသည်။

ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် ပြစ်မှုကျူးလွန်သူ ကတုံး(ခ)အောင်စိုးမြင့်မှာ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နှင့် နတ်မောက်မြို့တို့တွင် သွားရောက်တိမ်းရှောင်နေထိုင်ခဲ့ကာ ၆ လခန့်အကြာ၌ အလုပ်လုပ်ကိုင်ရန်အတွက်ဖြူးမြို့နယ်သို့ ပြန်လည်ရောက်ရှိနေစဉ် ဖြူးမြို့မရဲစခန်းမှ စခန်းမှူး

ဒုရဲမှူးအောင်လင်းနှင့် တပ်ဖွဲ့ဝင်များဦးဆောင်လှည့်ကင်းအဖွဲ့တို့မှ ဇူလိုင် ၅ ရက် နေ့လည်ပိုင်း၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြစ်မှူကျူးလွန်သူ ကတုံး(ခ)အောင်စိုးမြင့်အား ဖြူးမြို့မရဲစခန်းမှ(ပ)၁၄/၂၀၂၂၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၂၀၁/၄၃၆ တို့ ဖြင့် အမှုဖွင့်အရေးယူထားပြီး၊ ရဲလုပ်ငန်းများဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်းနှင့် တောင်ငူခရိုင် တရားရုံးတွင် တရားစွဲဆိုနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း ဖြူးမြို့မရဲစခန်းမှ သိရသည်။

 

 

 

3 Comments on “ဖြူး မြို့နယ်တွင် ဇနီးဖြစ်သူကိုသတ်၍ မြေကျင်းထဲမြှုပ်ပြီး ဇနီး၏သမီးဖြစ်သူအား မုဒိမ်းကျင့် မီးရှို့ အလောင်း ဖျောက်ခဲ့သူအား ဖမ်းဆီးရမိ”

Leave a Reply

Your email address will not be published.